သင်လုပ်နိုင်တာကိုသာအာရုံစိုက်ပါ
သင်လုပ်နိုင်တာကိုသာအာရုံစိုက်ပါ
ဒီစကားလေးက ကြားလိုက်ရင် ဘာမှမထူးဆန်းသလို ခံစားရပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်ရင်တော့ အဓိပါ္ပယ်ရှိတာသိလာမှာပါ။ တခါတလေမှာ ကျွန်တော်တို့တွေက ဘဝရှင်သန်ရုန်းကန်မှုတွေကြားထဲ နစ်နေရင်းနဲ့ ကိုယ်မလုပ်နိုင်တာတွေကိုသာ မြင်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ အပြစ်မြင်ရတာ လွယ်သကိုး။ တခုခုဆိုရင် “မင်းက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဟိုက သူဌေးသားကွ” “နိုင်ငံခြားက ဘွဲ့ဘယ်ယူနိုင်ပါ့မလဲ၊ မင်းကို ဘယ်သူကကျောင်းထားပေးမှာမို့လို့လဲ” “မင်းလားဖြစ်မှာ……ဘယ်နေရာမှာများ ငွေပေါနေလို့လဲ” စသဖြင့် မဖြစ်နိုင်ဘူးဆိုတဲ့ ရှု့ထောင်ကနေ မြင်ဖို့ကလွယ်ပါတယ်။
တနည်းအားဖြင့် အဆိုးဘက်ကနေမြင်ဖို့လွယ်တယ်ပေါ့။ အဲဒီ့အခါမှာ ဘာဖြစ်လာသလဲဆိုရင် အဆိုးတွေကိုမြင်ခြင်း တနည်းအားဖြင့် ကိုယ်မတတ်နိုင်တာ၊ ကိုယ်မစွမ်းဆောင်နိုင်တာကိုသာ မြင်တဲ့အတွက် စိတ်ပျက်ပြီး လက်လျှော့ချင်စိတ်ဖြစ်လာပါတယ်။ အဲဒီ့အခါ မတတ်နိုင်ဘူးလို့ထင်တဲ့စိတ်အတိုင်းပဲ မကြိုးစားကြည့်တော့ဘဲ တကယ်မဖြစ်မြောက်လာတော့ပါဘူး။
အဲဒါကို သင့်စိတ်ရဲ့သတ်မှတ်ချက်အတိုင်း အရာအားလုံးဖြစ်လာတာလို့ ပြောကြတာဖြစ်ပါတယ်။ အဲဒီ့အကြောင်းအရာရဲ့ဆန့်ကျင်ဘက်အနေနဲ့ ကိစ္စတစ်ခု၊ ဖြစ်ရပ်တစ်ခုမှာ ကိုယ်လုပ်နိုင်တာ၊ ကိုယ်တတ်နိုင်တာကိုမြင်အောင်ကြည့်ဖို့လိုပါတယ်။
ဥပမာ။ သင်က နိုင်ငံခြားထိကျောင်းသွားမတတ်နိုင်ဘူးဆိုပါတော့…..အဲဒီ့အကြောင်းအရာက မဖြစ်နိုင်တဲ့ရှု့ထောင်ပေါ့။ အဲဒီ့မဖြစ်နိုင်ဘူးဆိုတဲ့ ရှု့ထောင်ရဲ့ဆန့်ကျင်ဘက် ဖြစ်နိုင်တဲ့ရှု့ထောင့်ကတော့ နိုင်ငံခြားထိကျောင်းသွားမတက်နိုင်ပေမယ့် ဘာသာစကားတစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်သွားရင် ဒီနိုင်ငံမှာတင် အလုပ်အကိုင်အခွင့်အလမ်းက ဘာသာစကားမတတ်ကျွမ်းတဲ့လူထက် ပိုမသာနိုင်ဘူးလား၊ ဝင်ငွေပိုမကောင်းနိုင်ဘူးဆိုတဲ့အချက်ပါပဲ။ နိုင်ငံခြားထိကျောင်းသွားမတတ်နိုင်ဘူးဆိုတာကြောင့်နဲ့ပဲ ဘာသာစကားတစ်ခုကို ထူးချွန်အောင်၊ ကျွမ်းကျင်အောင် မသင်ယူသင့်တော့ဘူးလား။ မဟုတ်ပါဘူးနော်။ နိုင်ငံခြားထိ ကျောင်းတက်နိုင်ခြင်းမတက်နိုင်ခြင်းထက် ကိုယ်က လက်ရှိမှာ ဘာသာစကားတစ်ခုကို တတ်ကျွမ်းသွားအောင် သင်ယူနိုင်ခြင်းက ဖြစ်နိုင်တယ်မဟုတ်ဘူးလား။ အဲဒီ့မှာ ဖြစ်နိုင်တဲ့အချက်ကို စတွေးလိုက်ပြီဆိုတာနဲ့ “အော်…နိုင်ငံခြားထိကျောင်းတက်ဖြစ်သည်ဖြစ်စေ၊ မတက်နိုင်သည်ဖြစ်စေ၊ ကိုယ့်အတွက်ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျင်သွားတော့ အလုပ်အကိုင်အခွင့်အလမ်းပိုသာတာပေါ့။ နိုင်ငံခြားကျောင်းတက်တက်မတက်တက်၊ ဘာသာစကားအသစ်ကို ရအောင်သင်မယ်” ဆိုတဲ့စိတ်ဖြစ်လာခြင်းက အကောင်းမြင်စိတ်ပါ။ တနည်းအားဖြင့် ကိုယ်လုပ်နိုင်တာကို အာရုံစိုက်လိုက်ခြင်းပါပဲ။
ကိုယ်မလုပ်နိုင်တဲ့အရာထက် လုပ်နိုင်တဲ့အရာကို အာရုံစိုက်လိုက်တဲ့အခါ “ကိုယ်လုပ်လို့ရသားပဲ…..” “ကိုယ်လုပ်နိုင်သားပဲ…..” ဆိုတဲ့စိတ်ဖြစ်လာပါတယ်။ အဲဒီ့စိတ်က သင့်ကို စတင်လုပ်ဆောင်ဖို့ဖြစ်လာစေပါတော့တယ်။ John Burroughs က “If you think you can do it, you can” ဆိုတဲ့စကားက မှန်ပါတယ်။ သင်လုပ်နိုင်တယ်လို့တွေးလိုက်တာနဲ့ သင်တကယ်လုပ်နိုင်ပါတယ်တဲ့။
Walt Disney ပြောထားသလိုမျိုး “If you can dream it, you can do it.” သင်အိပ်မက်မက်နိုင်တယ်ဆိုရင် သင်အဲဒီ့အရာကို လုပ်ဆောင်နိုင်ပါတယ်တဲ့။ တကယ်မှန်ပါတယ်။ သင်လုပ်နိုင်တာကို အာရုံစိုက်လိုက်တာနဲ့ သင်လုပ်ဆောင်ဖို့အစပြုပြီးသွားပါပြီ။ သင်လုပ်ဆောင်ဖို့ စတင်ကြိုးစားမိတဲ့အခါမှာတော့ ဖြစ်နိုင်တယ်ဆိုတဲ့စိတ်ကြောင့် သင့်မှာဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ခွန်အားဖြစ်စေပါတယ်။ အဲဒါကြောင့် သင်လုပ်နိုင်တယ်လို့တွေးခြင်းက သင်တကယ်လုပ်နိုင်သွားစေပါတယ်။
ဥပမာ သင်က ပန်းချီဆရာဖြစ်ချင်တယ်ဆိုပါတော့…….သင့်အိမ်က သင့်ကို ပန်းချီဆရာဆိုတာအလကားပါ၊ စီးပွားရေးလမ်းကြောင်းနဲ့မအပ်စပ်ဘူးဆိုပြီး မလုပ်ခိုင်းဘူးဆိုရင် ဒီအခြေအနေကနေ သင်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့လမ်းကြောင်းကဘာလဲလို့တွေးကြည့်ပါ။ သူတို့လုပ်စေချင်တဲ့အလုပ်တစ်ခုကို လုပ်ရင်း သင့်အတွက် အပိုဝင်ငွေရလာတဲ့အခါမှာ ငွေစုပြီး သင်တက်ချင်တဲ့ပန်းချီသင်တန်းတစ်ခုခုကို သင်မတက်နိုင်ဘူးလား၊ တဖက်ကနေ သင်ဖြစ်ချင်တာကို လက်ရည်သွေးနေခွင့်မရှိဘူးလား။ ပြိုင်ပွဲဝင်နိုင်လောက်တဲ့အထိ လက်ရည်တက်လာတဲ့အခါမျိုးမှာ ပြိုင်တွေနဲ့သင့်ရဲ့စွမ်းရည်ကိုထုတ်ဖော်မပြနိုင်ဘူးလား။ အဲဒါကြောင့် သင်ဖြစ်ချင်တာကို သင်လုပ်နိုင်မယ့်လမ်းကြောင်းကို မြင်ဖို့အရေးကြီးတာပါ။ အဓိကက မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတွေထဲကမှ ကိုယ်ဘာလုပ်နိုင်မလဲဆိုတာကို သိဖို့ပါပဲ။ မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတွေထဲကမှ ကိုယ်လုပ်နိုင်တာကိုသာ အာရုံစိုက်ဖို့လိုတာပါ။
Comments
Post a Comment